စစ်ကိုင်းတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် လျှပ်စစ်ကဏ္ဍ

(၁) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီမံကိန်းဆိုင်ရာ အဓိကအချက် အလက်များ

(က) စီမံကိန်းတည်နေရာ- စစ်ကိုင်းတိုင်းဒေသကြီး၊ ဇရစ်ချောင်း နှင့် ဟုန်းညှိချောင်းအသေးစားရေအား လျှပ်စစ် စီမံကိန်း

(ခ) စီမံကိန်းဆိုင်ရာအချက်အလက်များ

ဇရစ်ချောင်းသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် အတွင်း တည်ရှိပြီး၊ ခန္တီးမြို့၏ အနောက်မြောက်ဘက် 28km အကွာ ( ခန့်မှန်းမြေပုံအညွှန်း- UTM-Sheet No.2695/12-(751800, 2901700)တွင် တည်ရှိသော လျှပ်စစ်ဓာတ်အား 2.5 MW ထွက်ရှိမည့် အသေးစားရေအား လျှပ်စစ်စီမံကိန်း တစ်ခု ဖြစ်ပြီး 33kV ဓာတ်အားလိုင်း 42km တည်ဆောက်ကာ ခန္တီးမြို့သို့ ဓာတ်အား ဖြန့်ဖြူးပေးမည် ဖြစ်ပါသည်။ ဤစီမံကိန်းအား Energy Reliable Ace Company Limited မှ ၂၀၁၆ခုနှစ်မှ စတင်လေ့လာခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အကြိုစူးစမ်းလေ့လာမှုများ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Energy Reliable Ace Company Limited တို့မှ ဇရစ်ချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးလျှက် ရှိပါသည်။

ဟုန်းညှိချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ခန္တီးမြို့၏ အနောက်မြောက် ဘက် ၂၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး (ဟုန်းညှိ ၁ = 1 MW နှင့် ဟုန်းညှိ ၂ = 1.4 MW) စုစုပေါင်း လျှပ်စစ်ဓာတ်အား 2.4MW ထွက်ရှိမည့် စီမံကိန်း ၁ခု ဖြစ်ပြီး၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ၂၈.၁.၂၀၁၄ ရက်နေ့တွင် စူးစမ်း လေ့လာတိုင်းထွာမှုများဆောင်ရွက်ခဲ့ပါသည်။ ဟုန်းညှိ ချောင်း အသေးစားရေအား လျှပ်စစ်စက်ရုံမှ ခန္တီးမြို့သို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး 33kV ဓာတ်အားလိုင်း သွယ်တန်း တည်ဆောက်ရန် လိုင်းအူကြောင်း ၁ ( ၄၀ မိုင် )နှင့် လိုင်းအူကြောင်း ၂ (၃၁ မိုင်) လျာထားပြီး ဖြစ်ပါသည်။

(၂) ရင်းနှီးမြှုပ်နှံမှု လိုအပ်နေသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ

အသေးစားရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုလိုအပ်သည့် ခန္တီးမြို့တွင် အိမ်ခြေ ၁၇၂၅၊ အိမ်ထောင်စု ၁၉၄၈ ရှိပြီး လက်ရှိတွင် ဌာနပိုင် 500 kVA ဒီဇယ် ဓာတ်အားပေးစက် ၁ လုံးဖြင့် မီးသုံးသူ ၁၁၅၂ဦး အား လည်းကောင်း၊ ရွှေထွန်းတောက် ကုမ္ပဏီပိုင် 300kVAနှင့် 200kVA ဒီဇယ် ဓာတ်အားပေးစက်တို့ဖြင့် မီးသုံးသူ ၃၇၉ ဦး တို့အားလည်းကောင်း၊ စုစုပေါင်းမီးသုံးသူ ၁၅၃၁ ဦးအား ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိ ပါသည်။ အဆိုပါမီးသုံးသူများမှ ဓာတ်အားခ ၁ယူနစ်လျှင် ၅၄၀ကျပ် နှုန်းဖြင့် စျေးနှုန်းများ ပြားစွာ ပေးချေနေရသည့်အတွက် သုံးစွဲဝန်အား 350kW သာ အမြင့်ဆုံး ဓာတ်အားသုံးစွဲ လျှက်ရှိပါသည်။ ဇရစ်ချောင်းနှင့် ဟုန်းညှိချောင်း အသေးစားရေအားလျှပ်စစ်စက်ရုံ များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက လက်ရှိမီးသုံးသူများအပြင် ကျန်ရှိ အိမ်ထောင်စုများအား စျေးနှုန်းသက်သာစွာဖြင့် တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် ဒေသခံပြည်သူများမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အားကို အသုံးချ၍ အသေးစားစက်မှု လက်မှုလုပ်ငန်းများပါ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။

(၁) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီမံကိန်းဆိုင်ရာ အဓိကအချက်အလက်များ

(က) စီမံကိန်းတည်နေရာ- စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် ကျေးရွာ ဆိုလာဓာတ်အား ပေးစက်ရုံ စီမံကိန်း

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်၊ နန့်စကား၊ ပေါက်ပင်ကျေးရွာများသို့ နောင်ပို အောင် ကျေးရွာအုပ်စု၊ နမ့်တလုံးဆည်ရှိ တပ်ဆင်အင်အား(26kWx4)ရှိသော ရေအားလျှပ်စစ် ဖြင့် ၇/၂၀၁၅လမှစ၍ ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိပါသည်။ နမ့်တလုံးဆည်မှာ အောက် ခြေမှ ရေစိမ့်နေသဖြင့် မောင်းနှင်နိုင်ခြင်း မရှိသောကြောင့် ၂၀.၇.၂၀၁၉ ရက်နေ့မှစ၍ ဌာနပိုင် 315kVA ဒီဇယ် ဓာတ်အားပေးစက်ဖြင့် ကျေးရွာ ၃ ရွာအား ဆက်လက်ဓာတ် အား ဖြန့်ဖြူး ပေးလျှက်ရှိပါသည်။ အဆိုပါကျေးရွာ ၃ ရွာတွင် အိမ်ခြေ ၉၈၈၊ အိမ်ထောင်စု ၉၉၀ ရှိသည့် အနက် မီးသုံးသူ ၃၃၀ဦးမှ ယခင်ရေအားလျှပ်စစ်ဖြင့် ဓာတ်အားခ နှုန်းထား ၁ ယူနစ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ၁ယူနစ်လျှင် ၅၀၀ကျပ်နှုန်း ဖြင့် ပေးချေဓာတ်အားသုံးစွဲနေရသည့်အတွက် အမြင့်ဆုံးဝန်အား 68 kW ခန့်သာ ဓာတ်အား သုံးစွဲနိုင်ပါသည်။

နောင်ပိုအောင်ကျေးရွာတွင် နေရောင်ခြည်ကောင်းစွာရရှိသည့်အတွက် Central Solar စနစ်နှင့် ဒီဇယ်ဖြင့် တွဲဖက်ပြီး Hybrid စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဆိုပါက လက်ရှိ မီးသုံးသူများအပြင် ကျန်ရှိအိမ်ထောင်စုများအား စျေးနှုန်းသက်သာစွာဖြင့် တိုးချဲ့ ဓာတ်အား ဖြန့်ဖြူးပေးနိုင် မည် ဖြစ်ပါသည်။

(၂) ရင်းနှီးမြှုပ်နှံမှု လိုအပ်နေသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ

အဆိုပါကျေးရွာများတွင် 11kV ဓာတ်အားလိုင်း၊ 400V ဓာတ်အားလိုင်းနှင့် 11/0.4kV ထရန်စ ဖော်မာများ ရှိပြီးဖြစ်သည့်အတွက် Solar စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် ရင်းနှီးမြှုပ်နှံနိုင်မည် ဆိုပါက အဆင်သင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။ ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်မည့် နောင်ပိုအောင်ဒေသရှိ ပြည်သူများမှ ဓာတ်အားတိုးချဲ့ သုံးစွဲ လာနိုင်မည့်အပြင် ရရှိလာမည့် လျှပ်စစ် ဓာတ်အားကို အသုံးချ၍ အသေးစားစက်မှု လက်မှု လုပ်ငန်းများပါ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လာနိုင် မည် ဖြစ်ပါသည်။